Feature is Coming Soon ...
-----------------------------------------------
ကလေးငယ်လေးတွေ သူစိမ်းကြောက်တတ်တယ်ဆိုတာက ပုံမှန်ပါပဲနော်။ ကလေးကသူနဲ့ရင်းနှီးတဲ့သူတွေ၊ မိသားစုဝင်တွေကို သိလာတာနဲ့အမျှ သူစိမ်းကိုကြောက်တတ်လာတယ်။ ကလေးလေးတွေက သူတို့နဲ့ရင်းနှီးတဲ့လူတွေနဲ့ပဲ ပိုနေချင်တာမို့ သူတို့မသိတဲ့သူတွေနဲ့တွေ့ရင် ငိုတာ၊ ဂျီကျတာတွေဖြစ်နိုင်သလို၊ ငြိမ်ကျသွားတာ၊ ကြောက်တဲ့ရုပ်လေးဖြစ်နေတာ၊ ပုန်းနေတာတွေဖြစ်နိုင်ပါတယ်။
အဲဒီလိုဖြစ်တာက ၇ လသားကနေ ၁၀ လသားလောက်မှာ ပိုဖြစ်တယ်။ ၁ နှစ်ခွဲ ၂ နှစ်သားလောက်အထိလဲ ဆက်ဖြစ်နိုင်တယ်။
Separation anxiety (မိဘ/အုပ်ထိန်းသူနဲ့ခွဲရမှာစိုးရိမ်တဲ့စိတ်) ကလဲ ၈ လသားကနေ ၁၀ လသားလောက်မှာစတတ်ပြီး ၁ နှစ်ကျော် ၁ နှစ်ခွဲလောက်မှာ အစိုးရိမ်ဆုံးအချိန်ဖြစ်တတ်တယ်။ သူတို့အဘိုးအဘွားတွေ၊ သူတို့သိတဲ့ဆွေမျိုးတွေနဲ့ခဏလောက်ထားခဲ့မယ်ဆိုရင်တောင်မှ မိဘနဲ့မခွဲချင်၊ မိဘနဲ့ခွဲရမှာကြောက်နေတတ်တယ်။
ဒီလိုမျိုးကြောက်စိတ်လေးတွေရှိနေတဲ့ကလေးကို ကိုယ်ကတိုးတက်အောင်လုပ်ပေးလို့ရပါတယ်။
၁ - လူသစ်တွေနဲ့တွေ့နိုင်ဖို့အတွက် ကိုယ်နဲ့အတူ အပြင်ကိုမကြာခဏခေါ်သွားပါ။ သူအတွက်လူအသစ်တွေနဲ့တွေ့တဲ့အခါ၊ သူနဲ့မိတ်ဆက်ပေးတဲ့အခါ သူ့ကိုချီထား ဖက်ထားပါ။
၂ - ကလေးက သူ့အိမ်မှာသူဆို သူစိမ်းနဲ့တွေ့ရင်တောင်မှ ပိုပြီးသက်တောင့်သက်သာရှိတာမို့ ကိုယ့်သူငယ်ချင်းတွေကိုအိမ်လာလည်မယ်ဆို လာလည်ခိုင်းပါ။
၃ - ကလေးက သူစိမ်းနဲ့တွေ့လို့အရမ်းငိုနေမယ်၊ ကြောက်နေမယ်ဆိုရင် ခဏချော့ပြီး အဲဒီလူနဲ့ကိုယ်နဲ့အတူ သူနဲ့ကစားပေးတာတို့ဘာတို့ ကြိုးစားကြည့်ပါ။ မရရင် သူ့ကို အဲဒီလူနဲ့နည်းနည်းဝေးတဲ့နေရာကို ခဏခေါ်သွားပါ။ ပြီးမှ ပြန်ကြိုးစားကြည့်ပါ။
၄ - ကလေးရဲ့ကြောက်စိတ်ကို ဂရုမစိုက်ပဲမနေပါနဲ့။ ကိုယ့်ကလေးကို ကြောက်တတ်တယ်၊ ရှက်တတ်တယ်၊ လူရာမဝင်ဘူးစသဖြင့် သတ်မှတ်ခြင်းကိုရှောင်ပါ။
၅ - ဖြေးဖြေးချင်းကြိုးစားရမှာပေါ့။ စိတ်ရှည်ပါ။ ကလေးက စိတ်အဆင်သင့်မဖြစ်သေးပဲ တခြားလူကိုပေးချီတာတို့ဘာတို့ မလုပ်ပါနဲ့။ အဲဒီလိုလုပ်တာက ပိုဆိုးစေပါတယ်။
၆ - ကလေးကိုမချီခင် အရင်ဆုံးရင်းနှီးအောင်လုပ်ဖို့ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြထားပါ။ ကလေးတွေက ဖြေးဖြေးချင်း အေးအေးဆေးဆေး ချဉ်းကပ်တတ်တဲ့လူကြီးတွေကို သိပ်မကြောက်တတ်ပါဘူး။
၇ - ကလေးနဲ့မရင်းနှီးတဲ့သူကို ရင်းနှီးစေဖို့ကြိုးစားတဲ့အခါ ကိုယ်က ကလေးနဲ့အတူရှိပေးပါ။ "မေမေ့ သူငယ်ချင်းကလာလည်တာလေ" ဘာညာစသဖြင့်ပြောပြပါ။
၈ - မူကြိုတက်မယ့်ကလေးကိုလဲ မေမေပြန်လာကြိုမယ့်အကြောင်း အဲဒီလိုပဲသေချာပြောပြရပါမယ်။ မပြောပြထားရင် နောက်ရက်တွေမှာပိုခက်ပါလိမ့်မယ်။
၉ - ကိုယ်ကလဲ လူတွေကိုမကြောက်ဘူးဆိုတဲ့ ပေါ့ပေါ့ပါးပါးအမူအရာ၊ အပြုံးနဲ့ အသံနဲ့ လူတွေကိုနှုတ်ဆက်ပြပါ။
၁၀ - လူတွေနဲ့တွေ့ပေးတာကို မကြာခဏလုပ်ပေးပါ။ အဲဒီလူတွေက သူ့ကိုအန္တရာယ်မပေးဘူးဆိုတာသူသိလေ ကြောက်တာလျော့လေပါပဲ။
⛔️ သူများကကိုယ်နဲ့ကိုယ့်ကလေးကိုဘယ်လိုမြင်မလဲဆိုတာကို ဂရုမစိုက်ပါနဲ့။ ကလေးက သူနဲ့မရင်းနှီးတဲ့လူတွေနဲ့တွေ့ရင် အဲဒီလိုဖြစ်နေသေးတယ်လို့သာပြောပြထားလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပုံမှန်အားဖြင့် လူကြောက်တတ်တာက ၂ နှစ်လောက်ဆိုရင် ပျောက်သွားပေမယ့် တချို့ကလေးတွေက ၂ နှစ်ထက်ပိုပြီး ဖြစ်နေတတ်သေးတယ်။ အဲဒီအခါမျိုးကျရင် ...
၁ - ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးရပါမယ်။ ကိုယ့်ထမင်းကိုယ်စားခိုင်းတာ၊ ကိုယ့်ဘာသာကိုယ် ကစားခိုင်းတာစသဖြင့်။
၂ - အပြင်ကိုမကြာခဏခေါ်သွားပါ။ လူအသစ်တွေနဲ့တွေ့ပါစေ။ အချိန်တန်ရင် သူ့မှာအန္တရာယ်မရှိတာ သူ့ဘာသာသူသိလာပါလိမ့်မယ်။
၃ - သူ့ဘာသူ အိပ်ပျော်တတ်အောင် ကျင့်ပေးကြည့်ပါ။ နောက်ပိုင်းကျ မူကြိုတက်တဲ့အခါလဲ အဆင်ပြေအောင်လို့ပါ။
သူစိမ်းအရမ်းကြောက်တတ်ရင် နောက်ပိုင်း သူအသက်ကြီးလာတဲ့အထိ ပေါင်းသင်းဆက်ဆံရေးမှာထိခိုက်နိုင်တာမို့ ကလေးကအရမ်းကြီးကြောက်တတ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ အနားမှာ သူနဲ့မရင်းနှီးတဲ့လူမရှိပဲကြောက်တတ်နေရင်လဲ ဆရာဝန်ပြပါ။ ၂ နှစ်ကျော်တဲ့အထိ အရမ်းကြောက်တတ်နေသေးရင်လဲ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။