ကလေးများ ကောင်းမွန်သော စိတ်လေးဖြစ်လာစေဖို့

-----------------------------------------------

ကလေးလေးတွေကို မွေးမြူပေးရမယ့် ကိုယ်ချင်းစာ ညှာတာစိတ်
ကိုယ်ချင်းစာ စိတ်ကို မွေးမြူဖို့များသင်ပေးရမယ်။ ဟုတ်လား လို့ မေးလာရင် မဖြစ်မနေသင်ပေးရမယ်လို့ ကျွန်မဖြေပါမယ်။
လူသားတွေနဲ့ တိရစ္ဆာန် ကွဲပြားတာမှာ အသိဉာဏ်နဲ့ စာနာစိတ်ပါပဲ။ မဟုတ်ဘူးလားရှင်။
စာနာညှာတာစိတ်နဲ့ လူသားပေါက်စလေးတွေရဲ့ ရင်ကို အေးမြစေတယ်။ ငါဆိုတဲ့ အတ္တနဲ့ မပူလောင်စေဘူး ပေါ့။ လောကလူ့ဘောင်မှာ ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊ ပိုက်ဆံတွေရယ်လို့ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ့်ထိုလူ့ဘဝကို အေးချမ်းသာယာစေတာက ကိုယ်ချင်းစာ တရား၊ စာနာထောက်ထားညှာတာမှု တရားတွေဖေးမ ထောက်ကူထားမှသာပါ။
ကျွန်မတော့ ကျွန်မသားနဲ့သမီးကို ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ သို့သော် သူတပါးကိုလည်း တန်ဖိုးထားရမယ်။
ကိုယ့်ကိုယ်ကို မနာကျင်စေရင် သူတပါးကို မနာကျင်စေရဘူး။
ကိုယ့်ကိုယ်ကို အရာရာချမ်းသာချင်တယ်။ သို့သော် သူတပါးရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်း ဆင်းရဲမှုအပေါ် ပျော်ရွှင်ကျေနပ်တာမျိုးမရှိစေဘူး။
ဘယ်သူ့ဘယ်သူရဲ့ ရုပ်ပိုင်းအပေါ်၊ စိတ်ပိုင်းအပေါ် မညှာမတာ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ရဘူး။ အစရှိသဖြင့် အစရှိသဖြင့် လက်လှမ်းမှီသလောက် ၊ ကြုံရတဲ့ကိစ္စ၊ မြင်ရတဲ့ဖြစ်ရပ်တွေပေါ်မူတည်ပြီး အမြဲဆွဲဆွဲပြောတတ်တယ်။ပြောပြတယ်။
တိရိစ္ဆာန် လေးတွေဆိုလည်း ချစ်စရာလေး တွေနော်၊ လူလိုပဲ အသက်ရှိတယ်နော်၊ အသက် အသက်ချင်း အတူတူပဲနော်၊ လူလိုပဲ မိသားစု အဖေအမေ ဆိုတာရှိတယ်နော်။ ပရမ်းပတာ မလုပ်ရဘူးလို့ အမြဲပြောပြပေးပါတယ်။ အကောင်လေးတွေ့လို့ ဖမ်းထားချင်ရင်တောင် သူ့ဖေဖေ မေမေက မျှော်နေတော့မှာပေါ့၊ ကလေးတို့ရော ဖေဖေ မေမေနဲ့ ခွဲနေရရင် ဘယ်လိုဖြစ်မလဲဆိုပြီး မေးခွန်းရော၊ အဖြေရော၊ ခံစားချက်ရော တစ်ခါတည်းထည့်ပေးပါတယ်။
ဥပမာ... အလှူတွေဘာတွေလုပ်လို့ မိဘမဲ့ကျောင်းသွားတယ်။ စာနာသနားတဲ့စိတ်နဲ့ မိဘမဲ့နေတဲ့ ကလေးတွေအပေါ် ကျွန်မကိုယ်တိုင်က နွေးထွေးစွာ ဆက်ဆံပြောဆိုပြတယ်။ ညစ်ပတ်နေတဲ့သူတို့ရဲ့ လက်လေးတွေ ဘယ်လို သန့်ရှင်းရေးလုပ်ရမယ်၊ ဘယ်လိုနေထိုင်ရမလဲ ပြောပြပေးတယ်။ မိဘမဲ့ ဆင်းရဲတဲ့ အများသူငှါအပေါ် နှိမ့်ချဆက်ဆံစရာ မလိုဘူးဆိုတာ သားနဲ့သမီး ကို သိစေတယ်။ ဘယ်လို ကူညီရမလဲဆိုတာ ကျွန်မ လက်တွေ့ကျစွာ သင်ပြပေးတယ်။
သားနဲ့သမီးအတွက်...
ကျွန်မ အိမ်သည် သူတပါးအကြောင်း၊ သူတပါးအလုပ် စသည်ဖြင့် ဘယ်အကြောင်းကိုမှ အမနာပ ပြောပေးတဲ့ နေရာမဟုတ်စေရဘူး။ ဘယ်လိုလူမျိုးကို မဆို နွေးထွေးစွာ ၊ ပွင့်လင်းစွာ၊ ညှာတာစိတ် ရှိစွာ၊ ကိုယ်ချင်းစာ တရားပြည့်ဝစွာ ဆက်ဆံပြောဆိုတတ်တဲ့ နွေးထွေးသာယာတဲ့ အိမ်လေး၊ ဝန်တိုစိတ်၊ မစ္ဆိယစိတ်ကင်းသော အိမ်လေး ဖြစ်စေရမယ်။ အတတ်နိုင်ဆုံး အမြဲကြိုးစားတယ်။
သားနဲ့သမီး သည် ဒီအမူအကျင့်ကောင်းကို အိမ်ထဲမှသည် အိမ်ပြင်သို့ သယ်ဆောင်ယူတတ်သူများဖြစ်စေပြီး အတွင်းရော အပြင်ပါ သာယာအေးချမ်းစေရမည်လေ။
ကလေးငယ်ကို ကိုယ်ချင်းစာ စိတ်ရှိအောင် ပျိုးထောင် ပေးထားရင် လက်တွေ့အကျိုးကျေးဇူးက သူတပါးကို နာကျင်အောင်မလုပ်ဘူး။ Bully လုံးဝမလုပ်တတ်ဘူး။ ဘယ်အရွယ်နဲ့မဆို ပေါင်းသင်းဆက်ဆံတတ်လို့ Social လည်း အားကောင်းတယ်။ ကလေးကိုယ်တိုင် သူချင်းကိုယ်ချင်း နှိုင်းယှဉ်တာမျိုးလည်း မရှိဘဲ ဝန်တိုလောဘကင်းတယ်။ ငြိမ်းချမ်းတယ်။
ဒါ့ကြောင့်.....
မိမိဘဝ ထိုသူ့ဘဝ နောက်ကြောင်းရှင်းရှင်း အေးချမ်းစွာ နေတတ်ဖို့ အလိုအပ်ဆုံးက ကိုယ်ချင်းစာ ညှာတာစိတ်ပါပဲ။ ထိုစိတ်သည် ကလေး ငယ်စဉ်ကပျိုးထောင် ပေးမှ၊ မိဘက လည်း ထိုစိတ်အခြေခံရှိပါမှ ဖြစ်မှာပါ။
ကျွန်မတို့တွေဟာ ကလေးငယ်တို့ကို ပညာတတ်အောင်၊ ချမ်းသာအောင်၊
ကျန်းမာ အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်သလို ကလေးရဲ့ နှလုံးသား အေးချမ်းစွာ ရှိစေဖို့ ကိုယ်ချင်းစာ ညှာတာစိတ်ကိုပါ ပျိုးထောင်ပေးဖို့ အထူးလိုအပ်လှပါတယ်။
သာယာအေးချမ်း တဲ့မိသားစုဘဝ၊ သာယာအေးချမ်း တဲ့ ဖွံဖြိုးတိုးတက်တဲ့မြို့ပြနိုင်ငံ ဘဝတွေဆိုတာ ကိုယ်ချင်းစာ ၊ ညှာတာ စိတ်တွေနဲ့ ခိုင်မြဲအောင်တည်ဆောက်ရတာပါလို့ ပြောပြချင်ပါတယ်ရှင်.....။
ကျွန်မတို့ အတူတူ ကြိုးစားကြည့်ရအောင်ပါနော်။


#Credit : TheintTheintHtun
မိဘများအတွက် ဖတ်စရာ ဆောင်းပါးများ
Kids World Education