Feature is Coming Soon ...
-----------------------------------------------
မိဘတွေဟာ သားသားမီးမီးလေးတွေကို နောင်တချိန် ဘဝခရီးမှာ ကိုယ့်တာဝန်ကိုယ်ယူပြီး ခရီးဆက်နိုင်ဖို့ ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးရမှာပါ။
ဘဝခရီးရဲ့ ဦးဆောင်သူတွေဖြစ်တဲ့ မိဘတွေဟာ သားသားမီးမီးလေးတွေကို နောင်တချိန် ဘဝခရီးမှာ ကိုယ့်တာဝန်ကိုယ်ယူပြီး ခရီးဆက်နိုင်ဖို့ ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးရမှာပါ။ ဒါမှ မိသားစုခရီးလမ်းက သာယာချောမွေ့မှာ ဖြစ်ပါတယ်။ ဒီခရီးရဲ့ ဦးဆောင်သူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေကို ပျိုးထောင်ရာမှာ ငယ်ငယ်ကတည်းက ဘယ်လိုတွေ လုပ်ဆောင်သင့်သလဲဆိုတာ Kalay မှအကြံပေးမယ်နော်။
တာဝန်ပေးပါ
သားသားမီးမီးလေးတွေကို တာဝန်ယူတတ်စေဖို့ မိဘတွေက လုပ်ဆောင်ပေးရပါမယ်။ ဒါမှသာ သားသားမီးမီးလေးတွေအနေနဲ့ တာဝန်ရှိမှုနဲ့ အသိစိတ်ဓာတ်ဖွံ့ဖြိုးလာမယ်လို့ စိတ်ပညာရှင် ဒေါက်တာ ဘင်ဂျမင်စပေါ့က ဆိုပါတယ်။ သားသားမီးမီးလေးတွေကို အသက်အရွယ်နဲ့ကိုက်ညီမယ့် မိသားစုတာဝန်တွေကို လုပ်ဆောင်စေတာဟာ ကိုယ်ချင်းစာတတ်စေတယ်။ ယဉ်ကျေးသိမ်မွေ့စေတယ်လို့ဆိုပါတယ်။ အဲလိုအလုပ်မခိုင်းခဲ့ဘူးဆိုရင် အသက်ကြီးတဲ့အခါ ကျင်လည်ရတဲ့ အသိုင်းအဝိုင်းကြားမှာ တစ်ကိုယ်ကောင်းဆန်တတ်သူ၊ စိတ်ကျေနပ်မှုမရှိစေသူတယောက် ဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ အလုပ်တာဝန်ပေးတဲ့အခါမှာလည်း အသက်အရွယ်အလိုက် ပေးရမှာ ဖြစ်ပါတယ်နော်။ ၄နှစ်အရွယ်ကလေးလေးကို ကစားစရာပစ္စည်းလေးတွေ သိမ်းခိုင်းတာ၊ စာအုပ်တွေ စီခိုင်းတာ စတဲ့ လုပ်ရလွယ်တဲ့ ကိစ္စတွေဖြစ်ဖို့တော့လိုတာပေါ့။ သားသားမီးမီးလေးတွေ လုပ်နိုင်တာထက် ပိုခိုင်းမိရင်တော့ အလုပ်လုပ်ဖို့ ဝန်လေးသွားတတ်ပါတယ်နော်။
မလှောင်ပါနဲ့
သားသားမီးမီးလေးတွေကို လှောင်ပြောင်တာ မလုပ်ပါနဲ့။ သားသားမီးမီးလေးတွေရဲ့ အပြုအမူလေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံလေးတွေကို သဘောကျတာမဟုတ်ပဲ လှောင်ပြောင်တာလုပ်ခဲ့ရင် လွတ်လွတ်လပ်လပ် မလုပ်ရဲ မကိုင်ရဲ ဖြစ်သွားပါလိမ့်မယ်။ အဲဒါက အသက်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ပဲ အားငယ်တာဖြစ်လာနိုင်ပါတယ်။ ဝတာ၊ ပိန်တာ၊ စကားမပီတာ၊ ခြေခွင်တာ၊ မျက်လုံးမှေးတာ စတဲ့ မွေးရာပါနဲ့သက်ဆိုင်တဲ့ ပြုပြင်လို့မရတဲ့ အရာတွေကို မလှောင်ပါနဲ့နော်။ ဒါဟာ အမှားမဟုတ်ပဲ လက်ခံရမယ့် အရာတွေ ဖြစ်တယ်ဆိုတာ အားပေးရင်း ရှင်းပြပေးပါ။ သားသားမီးမီးလေးတွေ လုပ်မှားကိုင်မှား ပြောမှားဆိုမှားလေးတွေ လုပ်တဲ့အခါ အပြစ်တင်တာ၊ လှောင်ပြောင်တာထက် နောက်မမှားအောင် ဘယ်လို လုပ်ရမလဲဆိုတာ သေချာရှင်းပြပေးရပါမယ်။ ဒါဆို သားသားမီးမီးလေးတွေအနေနဲ့ သိမ်ငယ်မနေတော့ပဲ ကြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူတွေ ဖြစ်လာမှာပါ။
ချီးမွမ်းပါ
သားသားမီးမီးလေးတို့ရဲ့ အပြုအမူကောင်းလေးတွေကို ချီးမွမ်းပါ။ အသိအမှတ်ပြုပါ။ ဒီလို ချီးမွမ်းတဲ့ လုပ်ရပ်ဟာ နောက်ထပ်ကောင်းတာတွေလုပ်ဖို့ စိတ်အားထက်သန်စေပါတယ်။ အပြစ်ရှိရင်အပြစ်တင်ဝေဖန်တာ၊ ချီးမွမ်းစရာရှိရင် ချီးမွမ်းတာဟာ သားသားမီးမီးလေးတွေအတွက် လုပ်ရပ်ကို မှန်တာ မှားတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ကောင်းတာလုပ်လို့ အသိအမှတ်အပြုခံရတဲ့ ကလေးတစ်ယောက်ဟာ ဖျက်လိုဖျက်စီးစိတ်မရှိတော့ပဲ တည်ဆောက်ချင်စိတ်ရှိစေပါတယ်။
တည်ဆောက်ချင်စိတ်ဆိုတာနဲ့ ပက်သက်လို့ တစ်ဆက်တည်းပြောချင်တာက သားသားမီးမီးလေးတွေဟာရှေ့မှာ ရှိတဲ့ အရာတွေကို စူးစမ်းချင်စိတ်ရှိကြတယ်။ ဒါပေမယ့် ရှေ့မှာ ရှိတဲ့ အရာတွေကို ကိုင်တွယ်ရင်း ဖျက်ဆီးမိတတ်တာတွေ ဖြစ်သွားခဲ့ရင် အပြစ်တင်တာတွေ မလုပ်ပါနဲ့နော်။ ရည်ရွယ်ပြီးလုပ်တာမှ မဟုတ်တာ။ ပျက်ဆီးမှာစိုးရင် သားသားမီးမီးလေးတွေ ဝေးရာမှာ သိမ်းထားပါနော်။ သားသားမီးမီးလေးတွေအတွက်တော့ ဖျက်လိုက်ဆောက်လိုက်လုပ်လို့ရမယ့် ကစားစရာလေးတွေ ဝယ်ပေးသင့်ပါတယ်။ ဒါမှ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အရာတွေကို မဖျက်ရက်တဲ့အခါ လူကြီးတွေရဲ့ အသုံးဆောင်တွေကို ဖျက်ဆီးဖို့လည်း ကိုယ်ချင်းစာတတ်စေပါတယ်။
အပြုသဘောဆောင်ပါ
သားသားမီးမီးလေးတွေက ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ဆိုရင် မိဘဖြစ်သူရဲ့ နေ့စဉ်ဘဝတွေကလည်း အပြုသဘောဆောင်ဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် မိဘတွေကလည်း အတက်နိုင်ဆုံးပြုံးပြုံးရွှင်ရွှင်၊ အေးအေးချမ်းချမ်းနေပြဖို့တော့လိုပါတယ်။ အမြဲ ဆူဆူပူပူဖြစ်နေတဲ့ မိသားစုတစ်ခုဟာ ကလေးတစ်ယောက်အတွက် အေးချမ်းရာ ခိုလှုံမှုတစ်ခုတော့ မဖြစ်နိုင်ပါဘူး။ အမေနဲ့ အဖေ ရန်ဖြစ်တာမျိုးဟာ သားသားမီးမီးလေးတွေ စိတ်ကို ဝမ်းနည်းအားငယ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာဆိုတာကို သားသားမီးမီးလေးတွေ နားမလည်နိုင်ပါဘူး။ သားသားမီးမီးလေးတွေ စိတ်ထဲ ဒီလို ရန်လိုတဲ့ အပြုအမူတွေကြောင့် စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ ကိုရီးယားဇာတ်ကားထဲမှာ လင်မယားတွေရန်ဖြစ်ကြရင် ကလေးကို မကြားစေချင်လို့ တနေရာသွားနေခိုင်းတာ၊ နောက်ပြီး ကလေးရှေ့မှာ ကြမ်းကြမ်းတမ်းတမ်းပြောမိရင် တစ်ယောက်ကတစ်ယောက်ကို ‘ကလေးရှေ့မှာ အဲ့လို မပြောနဲ’ လို့သတိပေးတာတွေ မြင်ဖူးကြတယ်မို့လား။ မေမေတို့ ဖေဖေတို့အနေနဲ့လည်း သားသားမီးမီးလေးတွေကို စိတ်ဒဏ်ရာမပေးဖို့ ထွက်ချင်တဲ့ ဒေါသတွေကို ထိန်းကြစို့နော်။