ကလေးတွေပညာရေးကောင်းဖို့ မိဘက ဘယ်လိုအားပေးနိုင်မလဲ

-----------------------------------------------

မိဘတွေရဲ့ ပံ့ပိုးမှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် အရေးကြီးတဲ့ထောက်တိုင်တစ်ခု ဖြစ်ပါတယ်။ မိဘတွေရဲ့အားပေးကူညီမှုဟာ ကျောင်းသားဘဝပျော်ရွှင်မှုအတွက်ရော၊ အတန်းပညာမှာ အောင်မြင်မှုရဖို့အတွက်ကိုရော များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ကျောင်းသားဘဝကနေ ဘွဲ့ဒဂရီတွေ ရတဲ့အထိ မိဘတွေရဲ့ပံ့ပိုးအားပေးမှုနဲ့ ကူညီမှုဟာ ဘယ်လောက်ထိ အရေးပါသလည်းဆိုတာ မျှဝေပြောပြပေးချင်ပါတယ်။

❤️ မိဘတွေရဲ့ပံ့ပိုးပါဝင်မှု ဘာကြောင့်လိုအပ်သလဲ❤️
- ကျောင်းသားတွေရဲ့ ပညာသင်ကြားမှုခရီးလမ်းကြောင်းမှာ မိဘတွေကိုယ်တိုင်က ပါဝင်အားပေးခြင်းအားဖြင့် အတန်းမှန်ခြင်း၊ အပြုအမူ၊စရိုက်လက္ခဏာများ တိုးတက်ကောင်းမွန်လာခြင်းနဲ့ အကောင်းမြင်စိတ်ရှိလာခြင်းဆိုတဲ့ ရလဒ်တွေ ရရှိလာလေ့ရှိပါတယ်။ အဲ့ဒီ့လို မိဘတွေကိုယ်တိုင်က စိတ်ပါလက်ပါ အားပေးကူညီခြင်းအားဖြင့် ကလေးတွေရဲ့ကျောင်းနဲ့ ပညာရေးအပေါ် ထားတဲ့ဂရုစိုက်မှုကို ပြသရာလည်းရောက်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကလေးတွေဘက်မှာလည်း ပညာရေးရဲ့ အရေးပါပုံကို ပိုမိုသိမြင်လာနိုင်ပြီး သူတို့ကြိုးစားနေရတဲ့အရာမှာ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အချက်ကို နားလည်သဘောပေါက်လာနိုင်ပါတယ်။
- အထူးသဖြင့် သင်ကြားလေ့လာမှုဆိုင်ရာ အခက်အခဲ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု၊ ကျောင်းပြင်ပ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ မိဘတွေရဲ့အားပေးကူညီမှုနဲ့ ပါဝင်ပံ့ပိုးပေးမှုတွေက များစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့လည်း မိမိကလေးရဲ့ ပညာရေးခရီးလမ်းကြောင်းဟာ ဘယ်လောက်ထိ ရောက်ပေါက်နေ တယ်ဆိုတာ သိနိုင်သလို ကလေးရဲ့ အနိမ့်အမြင့်ခံစားချက်တိုင်းမှာ အတူတူ မျှဝေခံစားပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကတော့ မိဘတွေက ပါဝင်အားပေးနေတဲ့ ကလေးတွေဟာ မိမိကိုယ့်ကိုယုံကြည်မှုပိုရှိခြင်း၊ စည်းစနစ်ရှိခြင်း၊ တိုက်တွန်းစရာ မလိုဘဲ ကလေးကိုယ်တိုင်က တက်ကြွခြင်းနဲ့ အဆင့်ကောင်းကောင်းရနိုင်ခြင်းဆိုတဲ့ ကောင်းကျိုးတွေနဲ့ ပြည့်စုံနိုင်စေ ပါတယ်။

❤️ မိဘတွေအတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူး ❤️
ကလေးတွေအတွက် စည်းမျဉ်းချမှတ်ပေးနိုင်ပြီး တက်ကြွအောင် လှုံ့ဆော်ပေးနိုင်သလိုပဲ မိဘတွေအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ကလေးတွေရဲ့ ပညာရေးခရီးလမ်းတစ်လျှောက်မှာ နံဘေးက အတူတူလိုက်ပါလာ တဲ့အတွက် ကလေးတွေရဲ့ လိုအပ်ချက်တွေကို အလိုလို သိမြင်နိုင်ပြီး သူတို့ရဲ့ခံစားချက်တွေကိုလည်း ပိုသိရှိနားလည်လာနိုင်ပါတယ်။ ဒါဟာ မိဘတွေနဲ့သားသမီးကြားက နီးစပ်ဆက်နွယ်မှုကိုလည်း ပိုမိုတိုးတက်လာစေနိုင်ပါတယ်။

❤️ ကလေးအတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူး ❤️
- ပညာရေးမှာ မိဘတွေရဲ့ပံ့ပိုးကူညီမှုကို ရရှိတဲ့ကလေးဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတစ်ခုလုံးကို အာရုံစိုက်ပြီး ချီးမြှောက်အား ပေးခံရလို့ ပညာရဲ့တန်ဖိုးနဲ့ အရွယ်ရောက်လာတဲ့အခါ အရေးပါလာမယ့် ပညာရဲ့အခန်းကဏ္ဍကို ပိုမိုနားလည်သိမြင်လာ နိုင်ပါတယ်။ ဆယ်ကျော်သက်ရွယ်ဖြစ်တဲ့အတွက် လူကြီးတွေရဲ့ အပြုအမူကို အတုခိုးကျင့်ကြံတတ်တာကြောင့် မိဘတွေ က ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပံ့ပိုးကူညီနေတာကို မြင်ရတဲ့အခါ ထိုအတိုင်း လိုက်လံအကောင်အထည်ဖော်ဖို့ ကြိုးစားလာ တတ်ကြပါတယ်။ ပညာရေးဟာ သူတို့အတွက်တင်မဟုတ်ဘဲ မိဘတွေနဲ့ ဆရာတွေအတွက်ပါ အလွန်အရေးပါနေတယ် ဆိုတာကို ကလေးတွေက သိရှိလာနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိနေပါတယ်။
- သူတို့ရဲ့ပညာရေးခရီးလမ်းမှာ မိဘတွေက ထပ်ကြပ်မကွာ လိုက်ပါနေတယ်ဆိုတာ သိရှိနေတဲ့အတွက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒါဟာ ကလေးနဲ့မိဘတွေကြားက ပြောဆို ဆက်ဆံရေးကိုလည်း ယုံကြည်မှုအပြည့်နဲ့ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ကို လည်း မြင့်တက်လာစေမှာ ဖြစ်တာကြောင့် ကျောင်းမှာရော ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ကလေးတွေရဲ့ ပညာရေးနဲ့ အထွေထွေစွမ်းရည်တွေအတွက် မိဘတွေရဲ့ပံ့ပိုးမှုက ဘယ်လောက်အရေးပါသလည်းဆိုတဲ့ ဥပမာအနေနဲ့ MNTV မှာ သောကြာနေ့ ညနေ(၅)နာရီခွဲတိုင်းမှာ ပြသနေတဲ့ Samsung Quiz Show ကို ကြည့်ရှုခြင်း အားဖြင့် သိရှိနိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်ကျောင်းသားတွေရဲ့ မိဘများက ပညာရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့အယူအဆ များကိုလည်း ဝေမျှထားပါသေးတယ်။
“အခုခေတ်က ပညာခေတ်ဆိုတော့ ပညာရေးကတော့ အရေးကြီးတယ်။ မိဘတွေက အမွေပေးနိုင်တာကလည်း ဒီပညာပဲရှိတာကိုး။ ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲလုပ်လုပ် ပညာတတ်တဲ့လူနဲ့ မတတ်တဲ့လူနဲ့ကွာတယ်။ ပညာတတ်တာဟာ အရာအားလုံးထက် သာလွန်ပါတယ်”လို့ Quiz Show မှာ ပါဝင်တဲ့ မခိုင်ဇာဇာသင်းရဲ့မိခင်က ပြောထားပါတယ်။
“ပညာမတတ်ရင် လူရာလည်းမဝင်ဘူးလို့ ထင်တယ်။ ပိုက်ဆံရှိတာနဲ့ ပညာတတ်တာနဲ့ မတူပါဘူး”လို့ ပြိုင်ပွဲဝင် မရွှေရည်ဖူးပွင့်ရဲ့ မိခင်ကလည်း ဆိုထားပါတယ်။
ဒီပညာရေးထောက်ကူဉာဏ်စမ်းအစီအစဉ်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးကို ကိုယ်စားပြုတဲ့ ကျောင်းတွေကနေ ရွေးချယ်ခံရပြီး ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကျောင်းသားလေးတွေရဲ့ စွမ်းရည်နဲ့ အထွေထွေဗဟုသုတ ကြွယ်ဝမှုကို တွေ့မြင်ရမှာဖြစ်ကာ ပြိုင်ပွဲဝင်ကျောင်းသားတွေရဲ့မိဘတွေအနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေ ပေးထားတယ်ဆိုတာလည်း ဝမ်းမြောက်စရာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်း ရတနာတွေ ပေါ်ထွန်းလာဖို့အတွက် မိဘများအနေနဲ့ ကလေးရဲ့ပညာရေးမှာ အကောင်းဆုံး ပံ့ပိုးကူညီနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


#Credit : Lin Lei Oo